မန်စီးတီးကို အလဲထိုးချင်ရင် ဘာလုပ်ရမလဲဆိုတာ ပြောလာတဲ့ နည်းပြ အာတေတာရဲ့ စကားသံများ mgsaw

မန်စီးတီးကို အလဲထိုးချင်ရင် ဘာလုပ်ရမလဲဆိုတာ ပြောလာတဲ့ နည်းပြ အာတေတာရဲ့ စကားသံများ

ဒီညကစားမယ့် စပို့တင်းလစ္စဘွန်းနဲ့ပွဲမတိုင်မီ ဂျေးဇုရဲ့ ပြန်လာမှု၊ အလှည့်ကျ လူစာရင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ဆီ အရောက်လှမ်းနိုင်မလားနဲ့ ပတ်သက်လို့ နည်းပြ အာတေတာ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာတွေကို ဖော်ပြပေးလိုက်ပါတယ်။

လေ့ကျင့်ရေးကွင်းထက်က အငွေ့အသက်

” ကောင်လေးတွေ အရမ်းကောင်း‌ကောင်း လုပ်ပြနေပါတယ်။ ‌ဒါကို အားလုံးလည်း မြင်နိုင်ပါတယ်။ နိုင်လိုစိတ်ပြင်းပြမှု၊ ပြိုင်ပွဲတွေနဲ့ ကစားသမားတွေဟာ တွဲဖက်ညီနေတယ် ဆိုရမှာပေါ့။ ဘယ်အချိန်မှာ သက်ဝင်ခံစားရမလဲဆိုတာလည်း သူတို့ သိပါတယ်။ ဆိုတော့ အငွေ့အသက်တွေက အကောင်းဘက် ရောက်နေပါတယ်။ ”

ဂျေးဇု ပြန်လာနိုင်မှု

” သူ ပြန်လာနိုင်တာ အရမ်းကောင်းပါတယ်။ သူ့ကြောင့် ပရိသတ်တွေကအစ ကစားသမားတွေအလယ် ဝန်ထမ်းတွေအဆုံး အားလုံးပျော်နေကြတာကိုလည်း မြင်နိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကို လိုအပ်နေခဲ့တာ ကြာပါပြီ။ အခုတော့ ပြန်လာနိုင်ပြီဆိုတော့ ကောင်းတာပေါ့။ ”

” သူ့ရဲ့ ပွဲကစားချိန်မိနစ်နဲ့ အသင်းမှာ ပါဝင်နိုင်မယ့်အချိန်ကို ကျွန်တော် စီမံခန့်ခွဲနိုင်ဖို့တော့ လိုအပ်နေပါသေးတယ်။ ဒါပေမယ့် ဂါဘီဟာ လေ့ကျင့်ရေးကွင်းထက်မှာ နေ့စဉ်နေ့တိုင်း ကောင်းမွန်လာပါတယ်။ သူကိုယ်တိုင်လည်း ပိုကောင်းလာတယ်လို့ ခံစားမိကြောင်း ပြောပါတယ်။ ဒါက တကယ့် အ‌ပေါင်းလက္ခဏာပါပဲ။ ”

ဒီနေ့ပွဲမှာ အလှည့်ကျ လူစာရင်းမျိုးပဲ အသုံးပြုမှာလား

” ကျွန်တော်တို့အနေနဲ့ နိုင်ပွဲရဖို့ပဲ အာရုံစိုက်ထားပါတယ်။ လစ္စဘွန်းတုန်းကလည်း ဒီအတိုင်းပါပဲ။ ဒါပေမယ့် ဒီနေ့ပွဲမှာတော့ ကျွန်တော်တို့ဟာ လစ္စဘွန်းတုန်းကထက် ပိုကောင်းတဲ့အသင်း ဖြစ်မှ ရပါမယ်။ ”

ယူရိုပါလိဂ်ဟာ ပရီးမီးယားလိဂ်လမ်းခရီးအတွက် အနှောက်အယှက် ဖြစ်စေသလား

” မဖြစ်ပါဘူး။ အထူးသဖြင့် ကို‌ဗစ်ကြောင့် ကျွန်တော်တို့အသင်းဟာ ဥရောပညချမ်းတွေကို မခံစားရတော့တာ (၃) နှစ်လောက် ရှိနေပြီလေ။ ဒီညဟာ ကျွန်တော်တို့ မျှော်လင့်ခဲ့ရတဲ့ ပထမဆုံးညတည ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဟာ အငွေ့အသက်ကောင်းတွေကို တည်ဆောက်ထားနိုင်ပြီး ဒါကို သက်ဝင်ခံစားရပါလိမ့်မယ်။ ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ ပေးစွမ်းနိုင်တဲ့ အသင်းကောင်းတသင်းကို ရင်ဆိုင်နိုင်ဖို့အတွက် ပရိသတ်တွေကလည်း ရှိနေမှာပါ။ ”

ဟာလန်းရဲ့ မှတ်တမ်းတွေကို အံ့ဩမိသေးလား

” မအံ့ဩပါဘူး။ တချိန်က သူ လုပ်ပြခဲ့တာတွေ၊ အခုချိန်မှာ မန်စီးတီးလိုအသင်းက နည်းပြ၊ အသင်းနဲ့ အယောက်ချင်းဆီတိုင်းက ဝန်းရံပံ့ပိုးပေးတာတွေကို ကြည့်မယ်ဆိုရင်ပဲ သူဟာ ပိုကောင်းလာမယ်ဆိုတာ သေချာနေတာပဲလေ။ သူ လုပ်ပြနေတာတွေက အံ့မခန်းပါပဲ။ ”

မန်စီးတီးရဲ့ လက်ရှိခြေစွမ်းကို စိုးရိမ်မိလား

” ဒါက ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ နောက်ဆုံး လေးငါးနှစ်လောက်အတွင်း ဒီလိဂ်မှာ သူတို့ သတ်မှတ်ခဲ့တဲ့ အဆင့်အတန်းတွေကို ကျွန်တော်တို့ သိနေတာပဲလေ။ ဆိုတော့ သူတို့ကို အလဲထိုးချင်ရင် သူတို့နဲ့ ထိပ်တိုက်တွေ့ဖို့ လိုအပ်ပါတယ်။ ”

နည်းပြ အာတေတာရဲ့ အားကစား စံပြပုဂ္ဂိုလ်

” ကျွန်တော် ကာလရှည် လေးစားအားကျခဲ့တဲ့တ‌ယောက်ကတော့ ရာဖေးလ် နဒါးလ်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ဓာတ်၊ သူ လုပ်ပြခဲ့တာတွေ၊ သူ လုပ်ပြခဲ့တဲ့ နည်းလမ်းတွေ၊ ရုန်းကန်မှုတွေကြားက ပြန်လာနိုင်မှုတွေ။ သူဟာ ကျွန်တော် လေးစားအားကျရသူစာရင်းရဲ့ ထိပ်ပိုင်းမှာ ရှိနေမှာ သေချာပါတယ်။ ”

Ref : Arsenal Official