ဘယ်၊ ညာ မှော်ဝင်ခြေတစုံနဲ့ ဒုတိယ ကာဇိုလာ ဖြစ်လာတဲ့ ထရောဆာဒ်
ဒဏ်ရာကြောင့် နိုင်ငံတကာပွဲတွေပြီးမှ ပြန်လာနိုင်လိမ့်မယ် ထင်ခဲ့ရကာ ပြီးခဲ့တဲ့တပတ်မှာ ဂန်းနားတို့အတွက် အဓိက ဇာတ်ဆောင်ဖြစ်ခဲ့သူက လီအန်ဒရို ထရောဆာဒ်ပဲ ဖြစ်ပါတယ်။
ဘရိုက်တန်ကနေ ပေါင် (၂၆) သန်းနဲ့ ရောက်လာတဲ့ ဘယ်လ်ဂျီယံသားဟာ အာဆင်နယ်ရဲ့ ချန်ပီယံမျှော်လင့်ချက်ကို အရှိန်မြှင့်ပေးတဲ့ လောင်စာဆီ ဖြစ်လာတယ်။
ဇန်နဝါရီလမှာ အာဆင်နယ်အသင်းဆီက ကမ်းလှမ်းချက် ရောက်လာခဲ့ပြီးနောက် ထရောဆာဒ်နဲ့ အေးဂျင့်ဖြစ်သူဟာ ချက်ချင်းဆိုသလိုပဲ ခေါင်းငြိမ့်ကာ အပြောင်းအရွှေ့ကို အလျင်အမြန် အကောင်အထည် ဖော်ခဲ့ကြတယ်။
အခုတော့ တောင်ပံတိုက်စစ်မှာရော အထောင်တိုက်စစ်မှာပါ ကစားရင်း အာဆင်နယ်အတွက် ပျော်ပျော်ကြီး ပေးဆပ်နေတယ်။ ဖူလ်ဟမ်နဲ့ပွဲမှာဆို ဒဏ်ရာအကင်းသေစ အခြေအနေပဲရှိသေးပေမယ့် ပထမပိုင်းမှာတင် ဖန်တီးမှု (၃) ကြိမ် ပြုလုပ်ကာ အဖိုးတန် အနိုင် (၃) မှတ်ကို ရယူပေးခဲ့ပါတယ်။
ပရီးမီးယားလိဂ် သမိုင်းတလျှောက် အဝေးကွင်းပွဲရဲ့ ပထမပိုင်းမှာတင် ဂိုးဖန်တီးမှု (၃) ကြိမ် ရယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့တယ်။ ဒါ့အပြင် အာဆင်နယ်အတွက် ပွဲထွက်ကစားခွင့်ရခဲ့တဲ့ (၅) ပွဲမှာ ထရောဆာဒ်ဟာ ဂိုးပါဝင်ပတ်သက်မှု (၆) ကြိမ်ရှိတယ်ဆိုတဲ့ မှတ်တမ်းဟာလည်း တကယ်အားရစရာပါ။
ဒီရာသီမှာ ထရောဆာဒ်ဟာ ဘရိုက်တန်အတွက် ကစားခဲ့စဉ်က လီဗာပူးနဲ့ပွဲမှာ ဟက်ထရစ်သွင်းဂိုး ရခဲ့တယ်။ အာဆင်နယ်ကိုရောက်လာတော့ ဟက်ထရစ် ဖန်တီးမှု ရခဲ့တယ်။ ဒါဟာ (၂၀၁၂-၁၃) ရာသီက ဆန်တီ ကာဇိုလာ နောက်ပိုင်း ဘောလုံးရာသီတရာသီအတွင်း ဟက်ထရစ်သွင်းဂိုးရော ဟက်ထရစ် ဖန်တီးမှုပါ စွမ်းဆောင်နိုင်တဲ့ ကစားသမားလည်း ဖြစ်လာစေတယ်။
ဒီလိုနဲ့ပဲ ထရောဆာဒ်ကို စပိန် မှော်ဆရာ ကာဇိုလာနဲ့ တင်စားလာကြတယ်။ တကယ်လည်း သူတို့နှစ်ဦးကြားမှာ တူညီမှုတွေ ရှိနေပါတယ်။ နှစ်ဦးစလုံးဟာ ဘယ်ညာ ခြေမရွေး ကစားနိုင်သူတွေ ဖြစ်တယ်။ နည်းစနစ်ပိုင်း မြင့်မားတဲ့ ကစားသမားတွေ ဖြစ်တယ်။ ကျဉ်းထဲကျပ်ထဲမှာ ဘောလုံးလက်ခံရဲတယ်။ အသင်းအတွက် အကျိုးဖြစ်စေတဲ့ လမ်းကြောင်းတွေ ရှာပေးနိုင်တယ်။
အထူးသဖြင့် နှစ်ဦးစလုံးဟာ end product တွေ ကောင်းမွန်မှုမှာ တူညီကြတယ်။ ကာဇိုလာကြီးကတော့ ပိုကောင်းတာပေါ့လေ။ ဒါပေမဲ့လည်း ထရောဆာဒ်ဟာလည်း ခေသူမဟုတ်ကြောင့် သူ့ခြေစွမ်းနဲ့ သက်သေပြနေတယ်။
အခုချိန်မှာ ဂျေးဇုလည်း ပြန်ကစားနေနိုင်ပြီ။ အန်ကီးတီးယားလည်း ကြံ့ခိုင်မှုပြန်လည် တည်ဆောက်နေပြီဆိုတော့ မကြာမီ ပြန်မြင်ရတော့မယ်။ ဆိုတော့ တိုက်စစ်ပိုင်းမှာ ဒေါင်ဒေါင်မြည် ကစားသမားတွေ ရှိနေခြင်းဟာ နည်းပြ အာတေတာအတွက်တော့ အားရစရာလည်းဖြစ်၊ ခေါင်းခဲစရာလည်း ဖြစ်နိုင်တယ်။
ပြီးတော့ ထရောဆာဒ်အတွက်လည်း စိုးရိမ်စရာတခုက ရှိနေတယ်။ သူဟာ ဘောလုံးပဲ အမြဲ ကစားချင်တဲ့သူ … အချိန်တိုင်းမှာ ပွဲကစားခွင့်ရချင်သူ ဖြစ်တယ်။ မဟုတ်ရင် သူဟာ မပျော်ဘဲ ဒေါသထွက်တတ်တဲ့ ကစားသမားလို့ ဆိုရမယ်။ ဘရိုက်တန်မှာလည်း ဒီအချက်ကြောင့် ပြဿနာ တက်ခဲ့တယ်။ အာဆင်နယ်မှာရော ကစားခွင့်ရသည်ဖြစ်စေ … မရဘူးဖြစ်စေ အသင်းနဲ့အတူ ပျော်ရွှင်စွာ စီးမျောနိုင်ပါ့မလား။
ဘာပဲဖြစ်ဖြစ် ထရောဆာဒ်ဟာ နည်းပြ အာတေတာအတွက် အားကိုးရတဲ့ လက်နက်ကောင်း ဖြစ်လာတယ်။ တန်ကြေးနဲ့မလိုက်အောင် အကျိုးပြုနေတဲ့ ကစားသမားလည်း ဖြစ်တယ်။ အဲဒီအတွက် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကိုလည်း ကျေးဇူးတင်ရပါမယ်။ သူတို့သာ မူဒရစ်ခ်ကို ကြားဖြတ် မခေါ်ခဲ့ရင် ထရောဆာဒ် ရောက်မလာမှာ သေချာလို့ပါပဲ။
အာဆင်နယ်အတွက်တော့ တကူးတက အချိန်ပေးစရာ မရှိဘဲ အသင်းနဲ့ တိုင်းချုပ်ထားသလို ကွက်တိ အံဝင်ပြီး အကျိုးပြုနိုင်စွမ်း မြင့်မားတဲ့ ကစားသမားတဦးကို ချန်ပီယံလမ်းကြောင်းရဲ့ အရေးအပါဆုံးအချိန်မှာ ရခဲ့တာကြောင့် ကျေနပ်ပီတိဂွမ်းဆီထိနေရပြီ ဖြစ်တယ်။
Ref : Daily Mail
- Posted In:
- Player Analysis